Thursday, July 30, 2015

မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဘဏ်ခွဲများတွင် ဇူလိုင် ၂၇ ရက်နေ့မှစ၍ Master Travel card စတင်ပြုလုပ်နိုင်

      မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဘဏ်ခွဲများတွင် ၂၀၁၅ ဇူလိုင်လ ၂၇ ရက်နေ့မှစပြီး ကြိုတင်ပေးချေစနစ်ဖြင့် အသုံးပြုနိုင်သည့် Master Travel card များစတင်ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
မာစတာကတ်ပြုလုပ်ရန် မှတ်ပုံတင်လိုအပ်မည်ဖြစ်ပြီးအနည်းဆုံးအမေရိကန်ဒေါ်လာ ၅၀ မှ ၅၀၀၀ ကြားထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ Master Travel card ၏တန်ဖိုးမှာကျပ် ၁၂၀၀၀ ဖြစ်ပြီးဇူလိုင်လ ၂၆ ရက် ရွှေဂုံတိုင် Ocean တွင်ပြုလုပ်မည့် Roadshow တွင် မာစတာကတ်လာရောက်ပြုလုပ်သူများအား ၅၀% လျှော့ဈေးကျပ် ၆၀၀၀ ဖြင့် ပြုလုပ်ပေးရန်စီစဉ်ထားပါသည်။
ဇူလိုင် ၂၆ ရက်နေ့ Roadshow တွင် မြန်မာ့ရှေ့ဆောင်ဘဏ်၏ လက်ရှိ Visa အသုံးပြုသူများအားအရေအတွက် ကန့်သတ်ချက်ဖြင့် Powerbankများပေးမည်ဖြစ်ပြီးမာစတာကတ်ပြုလုပ်သူများအားPowerbankလက်ဆောင်ပေးရန် စီစဉ်ထားကြောင်းသိရသည်။ထို့ပြင် ဘန်ကောက် အဲယားဝေးနှင့်ပူးပေါင်းပြီးဘန်ကောက်အသွားအပြန်လက်မှတ် ၃ စုံကိုလည်းမာစတာကတ်ပြုလုပ်သူများအားကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်သည်။
အဆိုပါမာစတာကတ်အား နိုင်ငံခြားသို့ အားလပ်ရက်ခရီးသွားသူများ၊ ကျောင်းသူကျောင်းသားများ၊ စီးပွားရေးသမားများနှင့် ဆေးကုသခံယူလိုသောလူကြီးမင်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို့အပြင် လုံခြုံစိတ်ချရမှုအတွက် EMV chip နှင့် အွန်လိုင်းရောင်းဝယ်မှုများအတွက် တစ်ခါသုံး password များကိုအသုံးပြုထားပါသည်။
 မြန်မာ့ရှေ့ဆောင်ဘဏ်မှအုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမင်းခိုင်က “ မြန်မာနိုင်ငံမှာ ပြည်ပကိုအားလပ်ရက်ခရီးထွက်သူတွေနဲ့ ဈေးဝယ်ထွက်သူတွေများလာတာနဲ့အမျှ မာစတာကတ်ကပိုပြီးအရေးပါလာမှာဖြစ်ပါတယ်။ အခုကမာစတာကတ်နဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ partnership အစလို့ပြောလို့ရပါတယ်။ နောက်ပိုင်းကျရင်လည်း မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ သုံးစွဲသူတွေအကျိုးရှိစေမယ့် ၀န်ဆောင်မှုနဲ့ product အသစ်တွေကို ပြုလုပ်ပေးသွားမယ်” ဟုပြောသည်။
အသက် ၁၈ နှင့်အထက်မည်သူမဆိုလျှောက်ထားနိုင်မည့် မာစတာကတ်အသုံးပြုရာတွင် ATM မှထုတ်ယူမည်ဆိုပါကတစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၅၀၀ ထုတ်ယူနိုင်ပါသည်။ ကတ်အသစ်လဲလှယ်လျှင်မူ ၀န်ဆောင်ခအနေဖြင့် ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်သည်။ ATM မှ ငွေထုတ်ယူလျှင် အမေရိကန်ဒေါ်လာ ၅ကျပ်ကို ၀န်ဆောင်ခအဖြစ်ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။
မိမိ၏ အသုံးစာရင်းနှင့် လက်ကျန်ငွေ အချက်အလက်များကိုအချိန်နေရာမရွေးအွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီးမာစတာကတ်လက်ခံသောမည်သည့်နိုင်ငံရှိ ATM၊ POS  မဆိုအသုံးပြုနိုင်ပါသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ နေပြည်တော်တွင် ပထမဆုံးဘဏ်ခွဲကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ ယခုအချိန်ထိဘဏ်ခွဲပေါင်း ၆၀ ကိုဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်တွင်းဘဏ်ဝန်ဆောင်မှုသာမက နိုင်ငံတကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကိုပါ ပေးအပ်လျှက်ရှိသည်။
မာစတာကတ်သည် ကမ္ဘာ့နိုင်ငံပေါင်း ၂၁၀ ကျော်ရှိစီးပွားရေးအဖွဲ့အစည်းများ၊ ကုန်သည်များ ၊ အစိုးရပိုင်လုပ်ငန်းများ နှင့် ဆက်သွယ်မှုရှိသောကုမ္ပဏီတစ်ခုဖြစ်သည်။

                                                                                                       ရဲလင်းလင်းသန်း

Newer Post Older Post Home

0 comments:

Post a Comment