မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Joint Operation ပူးပေါင်းလုပ်ဆောင်နေသော KDDI-SUMITOMO တို့မှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီးနှစ်အလိုက်အချိုးကျ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးဝင်းသန်းက “ မြန်မာနိုင်ငံတစ်ဝှမ်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ရာမှာ Nationwide Telecommunication License ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Ooredoo Myanmar Limited နှင့် Telenor Myanmar Limited တို့ကို လိုင်စင်များ ချထားပေးပြီးတယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် KSGM Co.,Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (Joint Operation Agreement) စာချုပ်အရ ၂၀၁၄ စက်တင်ဘာလ ၁ရက်နေ့တွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၀၃၃.၀၅ သန်း ၂.၀၃၃ ဘီလီယံကို KSGM Co.,Ltd ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းရင်းနှီးမြှုပ်နှံမှု ငွေအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နှစ်အလိုက် အချိုးကျပြန်လည်ပေးဆပ်သွားမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လှိုင်းနှုန်း အခွန်အခပေးသွင်းရခြင်း မရှိဘဲ ကျန်အော်ပရေတာများဖြစ်သည့် OoredooMyanmar Limited သည် ၁၅ နှစ်တာ ကာလအတွက် အမေရိကန်ဒေါ်လာ ၁.၀၁ ဘီလီယံကို လှိုင်းနှုန်းအခွန်အခအဖြစ်သုံးရစ်ပေးသွင်းရမည်ဖြစ်ပြီး လက်ရှိတွင် ၇၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၅၇.၅ သန်းနှင့် ညီမျှသော ကျပ် ၇၄၁.၆၅၃ ဘီလီယံကိုဝန်ကြီးဌာနမှ ရရှိထားပြီး ဖြစ်ကြောင်းသိရသည်။
အူရီဒူးမြန်မာထံမှ ကျန် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၅၂.၅ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရရှိမည်ဖြစ်ပြီး Telenor Myanmar Limited ထံမှပေးသွင်းရမည့် စုစုပေါင်း ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ အနက် ၇၅ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၃၇၅ သန်းနှင့်ညီမျှသည့် ကျပ် ၃၆၇.၁၅၅ ဘီလီယံကို ရရှိထားပြီး ကျန် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရရှိမည်ဖြစ်ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ဝန်ကြီးဌာနကခွင့်ပြုထားသောဆက်သွယ်ရေးOperatorအရေအတွက် နှင့်ဝန်ကြီးဌာနသို့ နှစ်အလိုက်ပေးသွင်းငွေပမာဏ၊ခွင့်ပြုထားသည့်သဘော တူညီချက်များ၊အခွန်ကင်းလွတ်ခွင့်၊သက်သာခွင့်ပေး သည်တို့နှင့်စပ်လျဉ်းသည့် မေးခွန်းအပေါ်ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးဝင်းသန်းမှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
Ooredoo Myanmar Limited နှင့် Telenor Myanmar Limited တို့မှ ရငွေများနှင့် သုံးငွေများကို နှစ်စဉ်အစီရင်ခံတင်ပြရာတွင် ယခုအချိန်အထိ အရင်းကြေကာလ မရောက်ရှိသေးဘဲကုမ္ပဏီများ အနေဖြင့် အရင်းစိုက်ထုတ်လုပ်ကိုင်ဆောင်ရွက်ဆဲကာလသာဖြစ်ကြောင်း သိရသည်။ ၀န်ကြီးဌာနအနေဖြင့် အော်ပရေတာသုံးဦးစလုံးအားလိုင်စင်စတင်ရရှိချိန်မှ ၁၅နှစ်စီ အသီးသီးလုပ်ဆောင်ခွင့်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီပါကဆက်လက်သက်တမ်းတိုး ဆောင်ရွက်ခွင့်ပြုသွားရန် စီစဉ်ထားပါသည်။
၂၀၁၄-၂၀၁၅ ခုနှစ်အတွက် လိုင်စင်းနှစ်စဉ်ကြေးများအပြင် Telenor Myanmar Limited ထံမှ နှစ်စဉ် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းဖြစ်သော ၂၅၂.၈ ကျပ်သန်းအားရရှိထားပြီး Ooredoo Myanmar Limited ထံမှ နှစ်စဉ်သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း၁၃၇.၄၃၇ အား ရရှိထားပြီး ဖြစ်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစပြီးနှစ်စဉ် ပေးသွင်းသွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အော်ပရေတာသုံးဦးထံမှ လိုင်စင်ပထမနှစ်အတွက် လိုင်းနှုန်း စီမံခန့်ခွဲမှု အခွန်အခများနှင့် ဆက်သွယ်ရေးနံပါတ် သုံးစွဲမှုများအတွက် အခွန်အခများကိုလည်းသက်ဆိုင်ရာကာလများအလိုက် အချိန်နှင့်တစ်ပြေးညီ ကောက်ခံမှု စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်းဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ရှင်းလင်းပါသည်။
ရင်းနှီးမြှုပ်နှံမှု (Infrastructure) အခြေခံအဆောက်အဦများအတွက် Ooredoo Myanmar Limited သည် ကျပ်သန်း (၆၉.၅၄၃) ဘီလီယံအား ရင်းနှီးမြှုပ်နှံထားပြီး Telenor Myanmar Limited သည် ကျပ်သန်း (၂၀၃.၁၂၅) ဘီလီယံကိုရင်းနှီးမြှုပ်နှံထားပါသည်။ မြန်မာ့ဆက်သွယ်ရေးနှင့် KDDI – SUMITOMO ပူးပေါင်းအဖွဲ့တို့မှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံရင်းနှီးမြှုပ်နှံထားပြီး ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံများ ဖြစ်သည့် တာဝါတိုင်များနှင့် အခြားနက်ဝေါ့တည်ဆောက်ရေးလုပ်ငန်းစဉ်များအား အော်ပရေတာသုံးဦးစလုံးဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
ရဲလင်းလင်းသန်း
0 comments:
Post a Comment